အပြင်းစားဒိုင်ကြောင်များ
_______________________
ပိုက်ဆံသာကိုးကွယ် ညီလေး
ကျန်းမာရေး ဓာတ်စာနဲ့
အော်ဂဲနစ် သစ်သီးတွေဆိုတာ
သိပ်စျေးကြီးတယ်။
.
ပိုက်ဆံသာကိုးကွယ်
မင်း ပြောသမျှအချစ်
မင်းပြောသမျှ မေတ္တာ
မင်း လုပ်သမျှ အနုပညာပါ။
မင်းရဲ့ သုခုမတွေက မင်းကို
မက်ဘုတ်အဲ ထဲကနေ
စောင့်နေကြတာပါ ညီလေး။
.
အရက်ဆိုင်ထဲ..
ပိုက်ဆံမလောက်ရင်
မင်းကိုဝိုင်းရိုက်ကြလိမ့်မယ်
ပိုက်ဆံသာ ကိုးကွယ်ညီလေး
မင်း ဘာမှ မဖြစ်စေရဘူး။
.
အချဉ်ပေါင်းနဲ့ ပဲကြီးလှော်လောက်ပဲ
ကြိုက်တတ်တဲ့ ကလေးတစ်ယောက်ကို
ပီဇာတွေ၊ စပါဂတ်တီတွေကြိုက်တတ်အောင်
ပတ်ဝန်းကျင်က သင်ကြားပေးလိုက်တာပဲ။
ဘယ်သူမပြုမိမိမှုဆိုတာကို
လည်ပင်းဓားထောက်ပြီးပြောရင်တောင် ငြင်းဆန်မိမယ်။
ပိုက်ဆံသာကိုးကွယ် ညီလေး
ဂျပန်ဖိနပ်နဲ့ ပါတီပွဲတက်ရင်
မင်းအနားကို ဝိုင်ခွက်တွေရောက်လာမှာ
မဟုတ်ဘူး။
.
ပိုက်ဆံကို ကိုးကွယ်
လူတွေကို ဂရုစိုက်
အချိုမှုန့်ကိုရှောင်
နှုတ်ခမ်းကိုသကြားလို ချိုအောင်ထား
မျက်စိကိုဖွင့် နားကိုစွင့်
အရေးကြီးတဲ့စကားတွေကို
အင်္ဂလိပ်လိုလေ့ကျင့်
အသိစိတ်တွေ...
ကမ္ဘာ့အပြင်ဘက်ကို လွင့်မသွားစေနဲ့။
.
အမှန်တရားကို မင်းကအမြဲတမ်းကိုးကွယ်ချင်တယ်
အမှန်တရားဟာ တိမ်လို၊ ရေလို
တည်နေရာပေါ်မူတည်ပြီးပြောင်းလဲတတ်တဲ့သဘာဝကြီးထဲ
ပိုက်ဆံသာကိုးကွယ် ညီလေး
အမှန်တရားက သေချာပေါက်
မင်းရှေ့ကို အလိုလိုရောက်လာလိမ့်မယ်။
.
ပထမဘုရားသခင်က
မင်း ဒုက္ခကိုဖြေသိမ့်ပေးလိမ့်မယ်။
ဒုတိယဘုရားသခင်ကတော့
မင်းနေထိုင်မှုဘဝကို အသက်သွင်းပေးလိမ့်မယ်။
မင်းအိပ်ကပ်ထဲမှာ တချွင်ချွင်မြည်တာနဲ့
မြို့ပြလူရိုင်းတွေက
ယဉ်ယဉ်ကျေးကျေး ထကကြလိမ့်မယ်။
ပျော်စရာပေါ့ညီလေး။
.
လူတွေကပြောတယ်…
သေရင် အဲဒီပိုက်ဆံတွေ ယူသွားလို့မရဘူး
မင်းယူသွားလို့မရတဲ့ ပိုက်ဆံတွေက
မင်းရဲ့စျာပနကို အကောင်းမွန်ဆုံးဖြစ်စေလိမ့်မယ်..
ပိုက်ဆံသာကိုးကွယ်ညီလေး…။
.
ကျော်ညိုသွေး