တစ်+တစ်=သုံး စာအုပ်ဟာ ဘယ်လို စာအုပ်မျိုးလဲ။ ဒီစာအုပ်ဟာ အင်မတန် ကျစ်လစ်ပေါ့ပါးတဲ့ စာအုပ်တစ်အုပ်။ ဖောက်ထွက် ဖန်တီးနိုင်စွမ်းရည်ကို လှုံ့ဆော်ပေးနိုင်တဲ့ စာအုပ်။ ဒါပေမယ့် သီအိုရီတွေ၊ ဥပဒေသတွေပါတဲ့ စာအုပ်တော့ မဟုတ် ဘူး။ ဖန်တီးတီထွင်နိုင်စွမ်းရည်ကို အထိရောက်ဆုံး အသုံးချသွားခဲ့တဲ့ လူ တွေရဲ့ ဇာတ်လမ်းတွေကို စုပေါင်းထားတဲ့ စာအုပ်ပါ။
ဇာတ်လမ်းတိုတွေချည်း စုစည်းထားတာဖြစ်တဲ့အတွက် တစ်ရက်ကို တစ်ပုဒ်ပဲ ဖတ်မလား၊ ဖတ်လို့ရတယ်။ တစ်ထိုင်တည်း တစ်အုပ်လုံး ဖတ်ချင် သလား၊ အဆင်ပြေတယ်။ ဖွဲ့နွဲ့ ကဗျာဆန်နေတာတွေ သိပ်မပါဘူး။ နယ် ပယ် ပေါင်းစုံက အဖြစ်အပျက် ပေါင်းစုံကို ခပ်ပြတ်ပြတ် လေသံ၊ ခပ်တိုတို ရေးဖွဲ့ပုံတွေနဲ့ ပြောပြထားတာပါပဲ။
ဘာသာပြန်သူ ကျွန်တော် ကိုယ်တိုင်ကလည်း ဖန်တီးမှု နယ်ပယ်ထဲ မှာ အချိန် အတော်ကြာ ကျင်လည်ခဲ့သူ တစ်ယောက်။ ရုပ်ရှင် ဇာတ်ညွှန်းတွေ ရေးခဲ့ဖူးတယ်။ ဗွီဒီယို ဇာတ်လမ်းတွေ တည်းဖြတ်ခဲ့ဖူးတယ်။ ပိုစတာ ဒီဇိုင်း၊ ကြော်ငြာ ဒီဇိုင်းတွေ အများကြီး ဆွဲခဲ့ဖူးတယ်။ အခု စာရေးခြင်း အလုပ်နဲ့ အသက်မွေးတော့လည်း ဖန်တီးမှုနဲ့ အဆက်မပြတ် ထိတွေ့နေရဆဲပဲ။ ဒီတော့ ဒီစာအုပ်ကို ဘာသာပြန်ထုတ်ဝေခွင့်ရတာ ကျွန်တော် ပျော်တယ်။
ဒီစာအုပ်ရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ နေရာစုံ၊ အဖြစ်အပျက် ပေါင်းစုံကို စာဖတ်သူတွေနဲ့ ရင်းနှီးစေချင်တယ်။ ကိုယ်နဲ့ မဆိုင်တဲ့နယ်ပယ် တွေကို လေ့လာမှ တီထွင်ဖန်တီးနိုင်စွမ်းလည်း တိုးတက်လာမယ်လို့ မူရင်း စာရေးသူက ယုံကြည်တယ်။
ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ စာဖတ်သူရဲ့ ဦးနှောက်ထဲက ဖန်တီး ခြင်းနဲ့ သက်ဆိုင်တဲ့ ကလာပ်စည်းတွေ ပိုမိုအသက်ဝင်လာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။
-ချမ်းမြေ့ဝင်း