" မင်းမျက်နှာကသနပ်ခါးကလည်း
အရူးမလိမ်းထားတာကျနေတာပဲ "
အမေကလက်ထဲက သယ်လာတဲ့ ရေနွေးပွဲကို ဧည့်သည်တွေရှေ့မှာ မသိမသာခပ်စောင့်စောင့်လေးချပေးပြီး မီးဖိုခန်းထဲ ဝင်သွားတာ ထွက်မလာဘူး။
အဲ့ဒီညက ထမင်းဝိုင်းမှာ မိသားစုတွေထမင်းလက်ဆုံစားကြတော့ ဟင်းခပ်ထည့်ပေးနေကျအမေက အဖေ့ကိုဦးပဲချပြီး စကားမပြောဘူး။ထမင်းဝိုင်းကြီးက တိတ်ဆိတ်ပြီး ခြောက်သွေ့နေတာပဲ။
နှစ်ရက်လောက်ထိ အမေက အဖေ့ကိုစကားမပြောဘူး။" အမေနဲ့ ရန်ဖြစ်ထားတာလား" လို့ အဖေ့ကို တိုးတိုးမေးတော့ " မင်းအမေအရူးမက ဘာဖြစ်နေတာလဲမသိဘူး " တဲ့။
သုံးရက်မြောက်နေတော့ အဖေက မင်္ဂလာဆောင်တစ်ခုသွားရာကနေ ထမင်းစားလာတော့ နေ့လယ်ထမင်းဝိုင်းမှာ အဖေမပါဘူး။ကျနော်တို့မောင်နှမရယ် အမေရယ်ပဲရှိတယ်။အဖေက ဧည့်ခန်းထဲမှာ စာအုပ်ဖတ်နေတာ။ကျနော်တို့က မီးဖိုခန်းထဲမှာ။
" အမေက ဘာမှမဟုတ်ဘဲနဲ့ စိတ်ကောက်နေတာ အဖေ့ကိုပြန်ခေါ်လိုက်ပါလား "
အငယ်ကောင်က ထမင်းစားနေရင်းထပြောတော့မှ အမေကပြန်ပြောတယ်။
" နင့်အဖေက ဧည့်သည်ထူမှ ငါသနပ်ခါးလိမ်းထားတာ အရူးမကြီးကျနေတာပဲ ဘာညာ လာလှောင်တာလေ "
ကျနော်က ထရယ်ပြီး
" အမေကလည်း အမေ့ကို အဲ့မနက်က ကြီးကြီးဆင့်က 'အရူးမသနပ်ခါးလိမ်းထားကျနေတာပဲ' စသေးတယ်လေ အဖေ့ကျမှ အမေကလာစိတ်ကောက်နေတယ် "
" ဟဲ့ ချစ်လို့စိတ်ကောက်တာပေါ့ ၊ စိတ်ကောက်တယ် စိတ်ဆိုးတယ်ဆိုတာ ကိုယ်ချစ်တဲ့လူမို့ ပြန်ချော့မယ့်လူမို့ လုပ်တာဟဲ့ "
မမကထပြောပါလေရော။
အမေက ဘာမှ ထပ်မပြောတော့ဘူး။ကျနော်နဲ့ အငယ်ကောင်လည်း ဘာမှဆက်မပြောတော့ဘူး။
နောက်နေ့ညနေ အဖေ မြို့ထဲက ပြန်လာတော့ လက်ထဲမှာ သနပ်ခါးတုံးနှစ်တုံးပါလာတယ်။
" ရော့ " ဆိုပြီး အမေ့ရှေ့ထိုးပေးတော့ အမေက စိတ်ကောက်နေတဲ့ မျက်နှာကြီးနဲ့ " ဘာလဲ" လို့ပြန်ပြောတယ်။
" မင်းက သနပ်ခါးနဲ့မှ ပိုလှတာ "
အမေ့မျက်နှာကြီးဆိုတာ ဖြီးလို့။စိတ်ကလည်း ကောက်ချင် ရယ်ကလည်းရယ်ချင်နဲ့ ပြုံးစိစိကြီးလုပ်လို့။
အမေက အဖေ့ကို စိတ်ကောက်ပြေသွားပါလေရော။
ကျနော့်အတွေးထဲမှာတော့ မမပြောတာကို ပြန်တွေးမိလိုက်လို့။
စိတ်ကောက်တယ်ဆိုတာ ကိုယ်ချစ်ခင်တဲ့လူမို့လုပ်တာတဲ့။