ခင်ဗျားကို ကျနော်ချစ်တယ်...
အတိတ်တွေက ပုပ်သိုးနေပါတယ်
စားရမှာလည်း သဲတရှပ်ရှပ်
ပစ်ရမှာလည်း အဆီတဝင်းဝင်းဆိုသလို
တစ်ယောက်ယောက်က ခင်ဗျားကို သိပ်နာကျင်စေခဲ့သလားကွယ်။
ခင်ဗျားအတွက်လည်း စိတ်မကောင်းသလို
ကိုယ့်ကိုကိုယ်အတွက်လည်း ဝမ်းနည်းရပါတယ်။
ခဲမှန်ဖူးတဲ့စာသူငယ်လေးဟာ
သူ့ဆီလာသမျှ ဒဏ်ရာတွေပေးဖို့လို့ပဲ ထင်နေတာမျိုးကျေးဇူးပြုပြီး မြင်အောင်ကြည့်ပါ
ဒါဟာ ချစ်ခြင်းမေတ္တာပါ
ဝဲဘက်ရင်အုံကနေ ပကတိလာခဲ့တာပါ။
"ကိုယ် အချစ်ကိုအယုံအကြည်မရှိဘူး" တဲ့
သိပ်ပြီးတော့ မတုန်လှုပ်တော့ပါဘူးလေ
ခင်ဗျားမှာလည်း ဒဏ်ရာတွေနဲ့ဆန္ဒတွေရှိပါတယ်
ဆေးတစ်လက်မဖြစ်သေးတောင် ခင်ဗျားစိတ်လိုလက်ရပြုံးဖို့....
အထီးကျန်တယ်လို့ ခံစားရတိုင်း လာပေါက်ကွဲဖို့
ဝမ်းနည်းတိုင်း စိတ်လွတ်ကိုယ်လွတ် လာငိုချဖို့ချစ်ခြင်းတရားက ပုခုံးကောင်းပါတယ်ပေါ့။
ငယ်ငယ်က မိုးဦးကျရဲ့ ပထမဆုံးမိုးရွာတော့
အလိုလို သတိလက်လွတ်ပျော်ရသလိုမျိုး...
ခင်ဗျားကို ပျော်စေချင်လိုက်တာ။
ခြေအိတ်အသစ်လဲဝတ်တိုင်း ခံစားရတဲ့ ခံစားမှုမျိုး....အခိုက်အတန့်လေးပဲ ဖြစ်နေပါစေ
ကျနော့်ကြောင့် ခင်ဗျားရစေချင်တယ်
ခင်ဗျား သိလား
ကိုယ့်ကြောင့် ကိုယ်ချစ်ရသူပျော်တဲ့အခါ
ကိုယ်က နှစ်ဆပိုပျော်ရတယ်ဆိုတာ။
အားလုံးကို စိတ်ပျက်သွားခဲ့ဖူးတောင်ကျနော့်ကို ယုံပါ ခင်ဗျားမယုံကြည်တော့တဲ့ ချစ်ခြင်းမေတ္တာကိုကျနော့်ကြောင့် ခင်ဗျားပြန်ယုံကြည်လာတဲ့အခါခင်ဗျားကိုရည်ရွယ်ပြီးပျိုးထားတဲ့ နှင်းဆီအိုးလေးကနှင်းဆီဝါဝါလေးပွင့်တဲ့နေ့ဖြစ်မယ်။
ကျနော်က
သိပ်ကို စိတ်ကူးယဉ်တတ်တဲ့ကောင်မလေးလေကျနော်ဟာ ခင်ဗျားမတော်တဆ အလည်ရောက်လာပြီးမပြန်ချင်တော့သော နယ်မြို့လေးသိပ်ဖြစ်ချင်တာပဲ။
အချို့မိုက်မဲမှုတွေက အနီရင့်ရင့်နဲ့လှပါတယ်
ခင်ဗျားက ဧည့်သည်ဆန်ခဲ့ရင်တောင်
အဲဒီမှတ်ဥာဏ်လေးတွေ နာနာကျင်ကျင်သိမ်းထားခဏခဏပြန်တွေးမိနေမှာမျိုး....။
ဒါပေမယ့်
ချစ်ခြင်းမေတ္တာက ကျနော်နဲ့ပတ်သက်ရင်
ကံမကောင်းရှာပါဘူးလေ...။
ခင်ဗျားကတော့ ကျနော်နဲ့ပတ်သက်ရင်
ကံကောင်းမှာ သေချာပါတယ်
ခင်ဗျားကို ကျနော်ချစ်တယ်လေ။