“ငါအသည်းမာတယ်ဆိုတာမဟုတ်ဘူး၊ ငါ့မှာ မာစရာအသည်းနှလုံးကို မရှိဘူးဆိုတာ ငါပြောတယ်။
ငါဟာ တစ္ဆေသင်္ဘောကို ရွက်လွှင့်နေတဲ့ ဝံပုလွေတစ်ကောင်ဖြစ်တယ်။ မင်းတို့သိဖို့ ငါထပ်ပြောမယ်။ ငါဟာ ဝင်ရိုးစွန်းဖက်ကို နောက်မဆုတ်တမ်း ရွက်လွှင့်နေတဲ့ အထီးကျန်ဝံပုလွေတစ်ကောင်ဖြစ်တယ်။ ”
ဘ၀မှာ စာပို့သမားတစ်ယောက်ဖြစ်ချင်ခဲ့ဖူးတယ်။ လူတစ်ယောက်ရဲ့နှလုံးသားထဲကယိုစီးကျလာတဲ့ စကားလုံးတွေကို သူရည်ရွယ်ရာ အခြားတစ်ယောက်ဆီ သယ်ဆောင်ပေးရတဲ့ အသက်မွေးမှုဟာ အင်မတန်လှပနေမှာပေါ့လို့တွေးကြည့်ဖူးခဲ့တယ်။
ပိုင် ရဲ့ "စာပို့သမား" ကဗျာ ကို ကိုယ့်အိပ်ခန်းနံရံမှာ မြေဖြူ ခဲနဲ့ရေးခြစ်ထားဖူးတယ်။ recital တီးတဲ့ ကလပ်စစ်ကယ်လ် ဂစ်တာသမားတစ်ယောက်ဖြစ်ချင်ခဲ့ဖူးတယ်။ ညီပုလေးရဲ့ လမင်းရဲ့ချိုသာသောလက်ခုပ်သံ ၀တ္ထုထဲကဇာတ်လိုက်ဂစ်တာသမားကိုချစ်တယ်။
သူ့ဇာတ်လိုက်ထက်သာအောင် တစ်ရက် ၁၂နာရီ တစ်ခါတစ်လေ ၁၆နာရီ နှစ်တွေချီတဲ့အထိဂစ်တာကျင့်ခဲ့တယ်။ Isaac Albéniz ရဲ့ Asturias သီချင်းကို တစ်နှစ်တိတိနံပါတ်လေးဂစ်တာကြိုးခဏခဏပေါက်ထွက်တဲ့အထိနေ့စဉ်လေ့ကျင့်ခဲ့တယ်။
"လွမ်းမောရသော တက္ကသိုလ်နွေညများ" ၀တ္ထုကိုဖတ်ပီး အိုင်ဗီလိဂ် မဟုတ်တောင် အလယ်အလတ်တန်းတက္ကသီလာ တစ်ခုက ဘွဲ့တစ်ခုလောက်လိုချင်ခဲ့ဖူးတယ်။ ဒါနဲ့ပဲ ကိုယ်ဟာ သင့်အားတက္ကသိုလ်မှ ဘွဲ့ချီးမြှင့်လိုက်သည်ဆိုတဲ့
စက္ကူတစ်ရွက်လိုချင်မှုသက်သက်အတွက် ညနက်သန်းခေါင်အထိ ပန်းကန်ဆေးခဲ့တယ်၊ တခါတခါကူလီထမ်းတယ်၊ အိမ်ပြန်နောက်ကျတဲ့ ဆောင်းညတွေမှာ ရထားမလာတော့တဲ့ ဘူတာရုံခပ်စုတ်စုတ်တစ်ခုမှာ သတင်းစာခြုံအိပ်ခဲ့ဖူးတယ်။
... .... ....
.... ... ....
ကိုယ်အခုဘာဖြစ်ချင်သေးလဲလို့ ကိုယ့်ဖာသာပြန်မေးကြည့်မိတဲ့အခါ အံ့သြစရာကောင်းတဲ့ အဖြေကိုရလိုက်တယ်။ ကိုယ့်မြို့လေးဆီပြန်ပီး မြင်းလှည်းသမားတစ်ယောက်လုပ်ချင်နေတယ်။ ကိုယ့်လှည်းကိုဆွဲမယ့်မြင်းမလေးကို "မေရီမြင့်"
လိူ့အမည်ပေးထားမယ်။ လှည်းသိမ်းတဲ့ညနေစောင်းမှာ မြင်းလှည်းဆရာနဲ့ မြင်းမလေး အရက်တစ်ပိုင်းစီသောက်၊ ယိုင်နဲ့နဲ့ အိမ်ကိုပြန်လာကြ ဘယ်လောက်အေးချမ်းလိုက်မလဲလို့။
#ပါပီယွန်
(မက္ကဇင်ပါပီ အမှာစာ)