လိုအချိန်မျိုးမှာ..လူတိုင်းလူတိုင်းမှာ သောကကိုယ်စီနဲ့ ..မရေရာမသေချာတဲ့ ဘဝခရီးလမ်းကို လျှောက်လှမ်းနေရပါတယ်..။ စွန့်လွှတ်မှုတွေ..ဆုံးရှုံးမှုတွေ..စတေးမှုတွေ..ပေးဆပ်မှုတွေများစွာနဲ့ မနက်ဖြန်ဆိုတာကို မျှော်လင့်ဖို့ ခက်ခဲနေချိန်မျိုးပါ..။ ရင်နဲ့အမျှ ခံစားနေရတဲ့ သောကဝေဒနာတွေကြောင့် လူတိုင်းရဲ့စိတ်ဟာ လေးလံကျဉ်းကြပ်နေမှာ သေချာပါတယ်..။ ဘဝမှာ ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိအောင် သောကတွေဖိစီးလာတဲ့အခါ..အဲ့ဒီသောကတွေနဲ့ ဝေးရာဆီကို ခဏလေးဖြစ်ဖြစ် ထွက်ပြေးချင်ကြတာ သဘာဝပါပဲ..။ အသိဉာဏ်ပညာ ရင့်သန်လာတာနဲ့အမျှ..သောကတွေနဲ့ ထာဝရဝေးကွာဖို့ ပိုမိုကြိုးစားအားထုတ်ဖြစ်ကြပါတယ်..။
ပခုံးပေါ်မှာ..ရင်ဘတ်ထဲမှာ လွယ်ပိုးသယ်ဆောင်ထားရတဲ့ စိတ်သောက..ပူပန်ကြောင့်ကြတွေကို လွှတ်ချလိုက်နိုင်ဖို့ အရေးကြီးပါတယ်..။ လွှတ်ချနိုင်သ၍..ပေါ့ပါးလာတာကိုလည်း ကိုယ်တွေ့ခံစားရပါလိမ့်မယ်..။ ဘဝမှာ ဘယ်အရာက အရေးကြီးသလဲ..ဘာကိုရွေးခြယ်သင့်သလဲ..ဘာလုပ်သင့်သလဲ..ဘာကိုစွန့်လွှတ်သင့်သလဲ..စိတ်ရဲ့ငြိမ်းချမ်းကြည်လင်မှုကလေးကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်မလဲ..စသဖြင့် ကျွန်မသိထားသမျှလေးတွေ..အတွေ့အကြုံ..အသိပညာလေးတွေကို ချစ်သောပရိတ်သတ်နဲ့ မျှဝေချင်တဲ့ စေတနာ မေတ္တာအရင်းခံနဲ့..”သောကနဲ့ဝေးရာဆီ..”ဆိုတဲ့ စာအုပ်ကလေးကို ရေးသားခဲ့ခြင်းဖြစ်ပါတယ်..။
ကျွန်မရဲ့ စာဖတ်ပရိတ်သတ်အနေနဲ့ “သောကနဲ့ဝေးရာဆီ..” ဆိုတဲ့ စာအုပ်ကလေးကို ဖတ်ပြီး စာအုပ်ကလေးထဲက စာကြောင်းလေးတစ်ကြောင်းဆီကနေဖြစ်စေ..စာတစ်ပုဒ်ဆီကနေဖြစ်စေ..အသိပညာကလေးတစ်ခုခု ရရှိခံစားမိပြီး သောကနဲ့ ဝေးရာဆီကို စတင်လျှောက်လှမ်းနိုင်ခဲ့မယ်ဆိုရင်..ကျွန်မ ပျော်ရွှင်ကျေနပ်ရပါပြီ..။ ဒီစာအုပ်ကလေးဟာ စိတ်သောကလှောင်အိမ်ထဲမှာ ပိတ်မိနေတဲ့သူတွေအတွက်..ထွက်ပေါက်ကလေးတစ်ခု..စိတ်လွတ်မြောက်ရာတံခါးလေးတစ်ချပ်..ပျော်ရွှင်ငြိမ်းချမ်းမှုရဲ့သော့ကလေးတစ်ချောင်း ဖြစ်ပါစေလို့ မျှော်လင့်ယုံကြည်လျက်…။
လွန်းထားထား (ဆေးတက္ကသိုလ်)